ရတနာပုံကို အနိုင်ယူကာ အဆင့် ၂ ဖြင့် ရာသီသိမ်းနိုင်ရန် နီးစပ်လာသည့် မကွေး

မြန်မာနေရှင်နယ်လိဂ် အသင်းကြီး တစ်သင်းဖြစ်သည့် မကွေးအသင်းသည် ရာသီကုန်ရန် ပွဲစဉ် ၂ ပွဲသာ ကျန်ရှိတော့ချိန်တွင် ချန်ပီယံ ရတနာပုံ အသင်းကို အနိုင်ကစားခဲ့ပြီးနောက် ၎င်းတို့၏ မြန်မာနေရှင်နယ်လိဂ် သမိုင်းတစ်လျှောက် အမြင့်ဆုံး ရပ်တည်မှု ဖြစ်သည့် အဆင့် ၂ ဖြင့် ရာသီ သိမ်းနိုင်ရန် နီးစပ်လာခဲ့ပြီ ဖြစ်သည်။ မကွေး အသင်းနှင့် ရတနာပုံ အသင်းတို့သည် ယနေ့ ဇူလိုင် ၆ ရက် ညနေ ၄းဝဝ နာရီက သုဝဏ္ဏကွင်းတွင် ယှဉ်ပြိုင် ကစားခဲ့ခြင်း ဖြစ်ပြီး မကွေးက တိုက်စစ် ကစားသမား သန်းဇော်ဟိန်း ပွဲချိန် မိနစ် ၃၀ တွင် သွင်းယူသည့် တစ်ဂိုးတည်းဖြင့် ရတနာပုံကို အနိုင်ရခဲ့သည်။

အမှတ်ပေးဇယား အဆင့် ၂ ဖြင့် ရာသီသိမ်းနိုင်ရန် အတွက် မကွေးအသင်းသည် ယခုပွဲကို အာရုံစိုက် ပြင်ဆင်လာ ခဲ့ပြီး အဓိက ကစားသမား အစုံအလင့်ဖြင့် ရတနာပုံ အသင်းကို ရင်ဆိုင်ခဲ့သည်။ မကွေး အသင်းတွင် ဆိုင်လာ၊ မိုက်ကယ်၊ ဒီဂျမ် စသည့် နိုင်ငံခြား ကစားသမား ၃ ဦးစလုံးကို စိုးမင်းနိုင်၊ ဆက်ဖြိုးဝေ၊ ကျော်ဇင်ဖြိုး၊ နန္ဒကျော်၊ ကျော်ဇင်လွင် အစရှိသည့် ကစားသမားများဖြင့် တွဲဖက် ပွဲထုတ်ခဲ့သည်။ ချန်ပီယံ ရတနာပုံ အသင်းကမူ General Aung San Shield အတွက် အနားပေးသည့် အနေဖြင့် အဓိက တိုက်စစ်မှူး အောင်သူကို အရံစာရင်း၌ပင် ထည့်သွင်းခဲ့ခြင်း မရှိဘဲ လူငယ် တိုက်စစ်မှူး တာရာတင်သိန်းကို ကိသ်မာတူနာ့ရှ်နှင့် တွဲပေးကာ မကွေးကို ရင်ဆိုင်ခဲ့သည်။ နောက်ပိုင်းပွဲများတွင် ရတနာပုံ အတွက် ဆက်တိုက် ဂိုးများ သွင်းပေးနေသည့် ဝင်းနိုင်စိုးကိုလည်း အရံစာရင်း၌သာ ထားခဲ့သည်ကို တွေ့ရသည်။ ရဲကိုဦး၊ စည်သူအောင်၊ ရှိုင်းသူရ၊ ဝီလီယမ်၊ မွန်ကီး တို့ဖြင့် မကွေး အသင်းကို ရင်ဆိုင် ကစားခဲ့သည်။

မကွေးအသင်း အနေဖြင့် ပွဲစချိန် ကတည်းက ရတနာပုံ အသင်းကို ဖိကစားပြီး ဂိုးသွင်းယူနိုင်ရန် ကြိုးပမ်း ခဲ့သော်လည်း ရတနာပုံ ခံစစ်ကြောင်းကို ကျော်လွန်နိုင်ခြင်း မရှိခဲ့ သောကြောင့် အခက်တွေ့ခဲ့ရသည်။ အထူးသဖြင့် ကွင်းလယ်မှ ဆက်ဖြိုးဝေ အပျက်များ ခဲ့သောကြောင့် တိုက်စစ်ပိုင်း ထင်သလောက် ထိရောက် ခဲ့ခြင်း မရှိပေ။ ပွဲချိန် ကြာလာသည်နှင့် အမျှ ရတနာပုံက ပိုမို ဖိကစားလာနိုင်ပြီး ဘောလုံး ပိုင်ဆိုင်မှုလည်း အသာစီး ရလာခဲ့သည်။ မကွေး အသင်းမှာမူ တန်ပြန်တိုက်စစ်ကိုသာ အားပြု လာခဲ့ရသည်။ ရတနာပုံ အနေဖြင့် ဖိကစား လာခဲ့သော်လည်း ထိရောက်သည့် ဂိုးသွင်းခွင့် ဖန်တီးနိုင်ခြင်း မရှိသောကြောင့် ဂိုးရယူနိုင်ခြင်း မရှိခဲ့ပေ။ မကွေးကပင် ဂိုးပေါက်ခြိမ်းခြောက်ရာတွင် ပိုမို ထိရောက်မှု ရှိခဲ့သည်။ ပွဲချိန် ၃၀ မိနစ်တွင် မကွေးအသင်း ဦးဆောင်ဂိုး သွင်းယူနိုင်ခဲ့သည်။ ညာခြမ်း ဖြတ်တင်ဘောမှ တဆင့် သန်းဇော်ဟိန်းက အနီးကပ် ပိတ်သွင်းခဲ့ခြင်း ဖြစ်သည်။

ဒုတိယပိုင်း ပြန်စချိန်တွင် ရတနာပုံ အသင်းက ချေပဂိုး ပြန်လည် ရရှိရေးအတွက် ရဲကိုဦး၊ တာယာတင်သိန်း တို့အစား လှိုင်းဘိုဘိုနှင့် ဝင်းနိုင်စိုးတို့ကို ထည့်သွင်း ခဲ့သည်။ ရတနာပုံ အနေဖြင့် ပွဲကို သိသိသာသာ လွှမ်းမိုးလာနိုင် ခဲ့ပြီး ထိရောက်သည့် ထိုးဖောက်မှုများလည်း ပြုလုပ်လာနိုင် ခဲ့သည်။ ပွဲချိန် ၆၄ မိနစ်တွင် ဝင်းနိုင်စိုး တစ်ဦးတည်း လွတ်လွတ်ကျွတ်ကျွတ် ဆွဲထွက် နိုင်ခဲ့သော်လည်း မကွေး ဂိုးသမား ကျော်ဇင်ဖြိုးကို ကျော်ဖြတ်နိုင်ခြင်း မရှိခဲ့သောကြောင့် နစ်နာ ခဲ့ရသည်။ ရတနာပုံ အနေဖြင့် ဒုတိယပိုင်း တစ်လျှောက်လုံး နီးပါး မကွေးအပေါ် ဖိကစား နိုင်ခဲ့ သော်လည်း တိုက်စစ်ပိုင်း အားနည်းခဲ့ သောကြောင့် ဂိုးသွင်းယူနိုင်ခြင်း မရှိခဲ့ပေ။ ထို့ကြောင့် ပွဲအပြီးတွင် ပထမပိုင်း မိနစ် ၃၀ ကတည်းက ခွင့်ပြုခဲ့ရသည့် ဂိုးတစ်ဂိုးတည်းဖြင့် မကွေးကို ရှုံးနိမ့် ခဲ့ရသည်။ မကွေး အသင်း အနေဖြင့် ရမှတ် ၃၈ မှတ် ရရှိကာ တနင်္ဂနွေ ပွဲများ မကစားမီတွင် ဒုတိယနေရာမှ ရန်ကုန်ကို ၅ မှတ်ထိ ဖြတ်ထားနိုင် သောကြောင့် အဆင့် ၂ ဖြင့် ရာသီသိမ်းနိုင်ရန် ပိုမို နီးစပ် လာခဲ့သည်။