ပြောင်းရွှေ့ကြေး ပေါင်သန်း ၂၅၀နဲ့ နှစ်စဉ်လုပ်ခ ပေါင် ၈၅သန်း ရရှိစေမယ့် တရုတ်စူပါလိဂ်ရဲ့ကမ်းလှမ်းချက်ကို စီရော်နယ်လ်ဒိုပယ်ချ

ရီးရဲလ်မက်ဒရစ်နဲ့ ပေါ်တူဂီအသင်းရဲ့ ကမ္ဘာကျော်ဘောလုံးသမား စီရော်နယ်လ်ဒိုကိုတော့ တရုတ်စူပါလိဂ်ကနေ ငွေကြေးအလုံးအရင်းနဲ့ ကမ်းလှမ်းမှုပြုလုပ်ခဲ့ပြီး ဒီကမ်းလှမ်းချက်ကိုတော့ ရော်နယ်လ်ဒိုက ပယ်ချလိုက်တယ်လို့ ကစားသမားရဲ့ အေးဂျင့်ဖြစ်သူ ဂျော့ချ်မန်ဒက်စ်က တရားဝင်ပြောကြားခဲ့ပါတယ်။ ရော်နယ်လ်ဒိုကိုတော့ တစ်နှစ်လုပ်ခ ယူရိုသန်း ၁၀၀ အထိပေးပြီး တရုတ်စူပါလိဂ်က ကမ်းလှမ်းခဲ့တာပါ။

SkySports ကို ဂျော့ချ်မန်ဒက်စ်ရဲ့ ဖြေကြားချက်အရတော့ တရုတ်စူပါလိဂ်က နာမည်မဖော်ပြတဲ့ ကလပ်အသင်းတစ်သင်းဟာ ရီးရဲလ်အသင်းကိုယူရိုသန်း ၃၀၀ (ပေါင်သန်း ၂၅၀ )ပေးပြီး ရော်နယ်လ်ဒိုကို ခေါ်ယူဖို့ ကမ်းလှမ်းလာခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ “တရုတ်နို်င်ငံကနေ ရော်နယ်လ်ဒိုအတွက် ပြောင်းရွှေ့ကြေး ယူရိုသန်း ၃၀၀ ၊ လုပ်ခငွေကတော့ ယူရိုသန်း ၁၀၀ (ပေါင် ၈၅သန်း)နဲ့ ကမ်းလှမ်းမှုတစ်ခုပြုလုပ်ခဲ့ပါတယ်” လို့ ဂျော့ချ်က ပြောပါတယ်။

ဒီပြောင်းရွှေ့ကြေးဟာဆိုရင်တော့ လောလောဆယ် အမြင့်ဆုံးပြောင်းရွှေ့ကြေးအဖြစ်စံချိန်တင်ထားတဲ့ ပေါ့ဂ်ဘာရဲ့ယူရို ၁၀၅ သန်းရဲ့ သုံးဆလောက်အထိ မြင့်မားလျက်ရှိနေတာပါ။ လုပ်ခလစာကလည်း ရီးရဲလ်အသင်းက ရော်နယ်လ်ဒိုကို ပေးချေနေတဲ့ ယူရိုသုံးသိန်းထက် အဆမတန်မြင့်မားနေပြီး တစ်ပတ်ကို ယူရိုနှစ်သန်းနီးပါးအထိ ရရှိမှာပါ။

ရော်နယ်လ်ဒိုရဲ့ပြောင်းရွှေ့ကြေးဟာ ယူရို ၃၉၆ သန်းအထိ တန်ကြေးရှိပြီး သူ့ကို ခေါ်ယူချင်ရင်တော့ ပေါင် ၁.၃ ဘီလျံလောက်အထိ ရီးရဲလ်မက်ဒရစ်အသင်းကို စာချုပ်လျော်ကြေးပေးချေရမှာပါ။

ရော်နယ်လ်ဒိုဟာ ရီးရဲလ်အသင်းမှာ ၂၀၂၁ ခုနှစ်အထိရှိနေမယ့် စာချုပ်ကို မကြာသေးခင်ကမှ ချုပ်ဆိုထားတဲ့သူပါ။ သူ့အနေနဲ့ အခုလို ကြီးမားတဲ့ ပြောင်းရွှေ့ကြေးကို ပယ်ချလိုက်တာကြောင့် တရုတ်စူပါလိဂ်ဟာ ဘောလုံးလောကမှာ လုပ်ချင်သလိုလုပ်လို့မရဘူးဆိုတာ သိသာသွားတယ်လို့ ဘောလုံးမီဒီယာတွေက ရေးသားခဲ့ကြပါတယ်။

တရုတ်စူပါလိဂ်ကတော့ မကြာသေးခင်က ချယ်လ်ဆီးကွင်းလယ်လူ အော်စကာနဲ့ မန်ယူတိုက်စစ်မှူးဟောင်း ကားလို့စ်တိဗက်ဇ်တို့ကို စံချိန်တင်လစာတွေနဲ့ ခေါ်ယူခဲ့တာကတော့ ဘောလုံးလောကမှာ အတော်လေးကို ရိုက်ခတ်သွားခဲ့ပါတယ်။