ဘာစီလိုနာ ၊ မန်ယူနဲ့ နယ်သာလန်အသင်းတို့ရဲ့ နည်းပြဟောင်းဗန်ဟားလ် ဘောလုံးလောကမှအနားယူ

အသက် ၆၅ နှစ်ရှိပြီဖြစ်ပြီး ဘောလုံးလောကမှာ နည်းပြအဖြစ် ၂၆ နှစ်ကျော်ကျင်လည်ခဲ့တဲ့ နယ်သာလန်လူမျိုး နည်းပြ လူးဝစ်ဗန်ဟားလ်ကတော့ ဘောလုံးလောက ကနေ အနားယူသွားပြီဖြစ်တယ်လို့ ကြေညာလိုက်ပါတယ်။ သူဟာ ပြီးခဲ့တဲ့ ၂၀၁၆ မေလတုန်းက မန်ယူအသင်းနဲ့ အတူ အက်ဖ်အေဖလားကို ရယူခဲ့ပြီး ဒါဟာ သူ့ရဲ့ နည်းပြဘဝနောက်ဆုံးဆုဖလားတစ်ခုဖြစ်ခဲ့ပါတယ်။

“ကျွန်တော့်အနေနဲ့ အနားယူဖို့ သင့်ပြီလို့ ထင်ပါတယ်။ ကျွန်တော်ထင်တာကတော့ ကျွန်တော့်အနေနဲ့ နည်းပြလောကကို ပြန်လာဖြစ်တော့မှာမဟုတ်ဘူးဆိုတာပါပဲ။ ” လို့ နယ်သာလန် သတင်းစာတစ်စောင်ကို ပြောပြခဲ့ပါတယ်။ သူဟာ ဒတ်ချ်အစိုးရရဲ့ တစ်သက်တာအကောင်းဆုံးနည်းပြဆုတစ်ခုကို မကြာသေးခင်ကမှ ရရှိခဲ့ပြီး အခုလိုပဲ အနားယူကြောင်း ကြေညာလိုက်တာဖြစ်ပါတယ်။

သူ့အနေနဲ့ မိသားစုကို အချိန်ပေးချင်တာကြောင့် အခုလိုပဲ ဘောလုံးလောကကနေ အနားယူလိုက်တာဖြစ်တယ်လို့လည်း သိရပါတယ်။ လွတ်လပ်တဲ့ မိသားစုဘဝနဲ့ လူသားတစ်ယောက်အဖြစ် ပြန်နေချင်တာကြောင့် အခုလိုဆုံးဖြတ်လိုက်တာပါလို့ ဗန်ဟားလ်ကပြောကြားခဲ့ပါတယ်။ ဗန်ဟားလ်ဟာ အနားမယူခင်မှာ တရုတ်လို့ ခန့်မှန်းရမယ့် အာရှဘက်က ငွေကြေးမြင့်မားတဲ့ ကမ်းလှမ်းမှုတစ်ခုကို ရရှိခဲ့ပေမယ့်လည်း ငြင်းပယ်ခဲ့ပြီး အနားယူဖို့ ဆုံးဖြတ်လိုက်တာဖြစ်တယ်လို့ သိရပါတယ်။

နည်းပြကြီး ဗန်ဟားလ်ဟာ မော်ရင်ဟို ၊ ဂွာဒီယိုလာစတဲ့ နာမည်ကျော် နည်းပြတွေကို မွေးထုတ်ပေးခဲ့တဲ့သူတစ်ယောက်ဖြစ်ပြီး ဒီဘက်ခေတ်ဘောလုံးလောကဟာ သူ့ရဲ့ နည်းစနစ်တွေနဲ့ အသက်ဝင်နေတယ်လို့ ဆိုရမှာပါ။

ဗန်ဟားလ်ရရှိခဲ့သော ဆုဖလားများ

နိုင်ငံအလိုုက် အမှတ်ပေးချန်ပီယံဆုများ : အေဂျက်စ် (1993-94, 1994-95, 1995-96), ဘာစီလိုနာ (1997-98, 1998-99), အယ်လ်ခမာ (2008-09), ဘိုင်ယန်မြူးနစ် (2009-10)
Champions League: အေဂျက်စ် (1994-95)
Uefa Cup: အေဂျက်စ် (1991-92)
FA Cup: မန်ယူ (2015-16)