မောရဝတီကို အနိုင်ကစားကာ တာထွက်လှခဲ့သည့် ဖုန်ဂန်အသင်း

၂၀၁၇ မြန်မာနေရှင်နယ်လိဂ်-၂ (MNL – II) အမှတ်ပေးဘောလုံးပြိုင်ပွဲ ပွဲစဉ် ၁ ပွဲစဉ် ၁ ပွဲအဖြစ် ဇန်နဝါရီ ၁၇ ရက်က အောင်ဆန်းကွင်း တွင် မောရဝတီအသင်းနှင့် ဖုန်ဂန်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ပြီး ဖုန်ဂန်အသင်းက ၂-၀ ဂိုးဖြင့် အနိုင်ရရှိကာ တာထွက်လှခဲ့သည်။

မောရဝတီအသင်းနှင့် ဖုန်ဂန်အသင်းတို့ပွဲစဉ်တွင် ပထမပိုင်းတွင် မောရဝတီအသင်းတိုက်စစ်မှူး ဆင်မြူရယ်သည် ဂိုးရရှိရန် အပိုင်အခွင့် အရေး တစ်ချို့ရရှိခဲ့သလို ဖုန်ဂန်အသင်းသည်လည်း ဂိုးရရှိရန် အခွင့်အရေး ဆတူရရှိခဲ့သည်။ ဖုန်ဂန်အသင်းအတွက် ဦးဆောင်ဂိုးကို ပွဲချိန် ၂၉ မိနစ်တွင် စိုးမြတ်သူက သွင်းယူပေးသည်။ ဒုတိယပိုင်းတွင် မောရဝတီအသင်းမှ ချေပဂိုးပြန်လည်ရရှိရန် ကြိုးပမ်းခဲ့သော်လည်း ပွဲချိန် ၆၄ မိနစ်တွင် ဖုန်ဂန်အသင်းမှပင် ဒုတိယဦးဆောင်ဂိုးထပ်မံရရှိခဲ့သည်။ အဆိုပါဒုတိယ ဦးဆောင်ဂိုးကို ဖုန်ဂန်အသင်း တိုက်စစ်မှူး နိုင်နိုင်လင်းက သွင်းယူပေးခဲ့ခြင်းဖြစ်သည်။ မောရဝတီ အသင်းအနေဖြင့် ဦးဆောင်ဂိုး နှစ်ဂိုးခွင့်ပြုခဲ့သည့်နောက်ပိုင်းတွင် လည်း ထိရောက်သည့် တိုက်စစ်ဆင်မှုမျိုး မရှိခဲ့ဘဲ ပွဲကစားချိန် မိနစ် ၉၀ အပြီးတွင် ဖုန်ဂန်အသင်းမှပင် ၂-၀ ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။

ပဒုမ္မာကွင်းတွင် ကစားခဲ့သည့် တက္ကသိုလ်လက်ရွေးစင်အသင်းနှင့် ငွေကြယ်ပွင့်အသင်းတို့ပွဲစဉ်တွင် တက္ကသိုလ်လက်ရွေးစင်အသင်းက ၂-၀ ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။ တက္ကသိုလ်လက်ရွေးစင်အသင်းအတွက် အနိုင်ဂိုးများကို ပွဲချိန် ၁၃ မိနစ်တွင် အောင်သန့်ဇော်၊ ၆၀ မိနစ်တွင် ခိုင်ရဲဝင်းတို့က သွင်းယူ ပေးခဲ့သည်။ လာမည့် ဇန်နဝါရီ ၁၈ ရက် အောင်ဆန်းကွင်းတွင် မြဝတီအသင်းနှင့် ဒဂုံအက်ဖ်စီအသင်း တို့ ဆက်လက်ကစားကြမည်ဖြစ်သည်။