မြန်မာ ယူ-၁၈ အသင်းကို ကလပ်အသင်းများမှ ကစား သမားများဖြင့် အင်အား ဖြည့်တင်းမည်

လာမည့်နှစ်တွင် မြန်မာနိုင်ငံမှ အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် အာဆီယံ ယူ-၁၈ ချန်ပီယံရှစ် ပြိုင်ပွဲသို့ မြန်မာ့လက်ရွေးစင် ယူ-၁၈ အသင်း ဝင်ရောက် ယှဉ်ပြိုင်မည် ဖြစ်ရာ အဆိုပါ အသင်းအား ယခုနှစ် အာဆီယံ ယူ-၁၆ ပြိုင်ပွဲသို့ ဝင်ရောက် ယှဉ်ပြိုင်ခဲ့သည့် မြန်မာ့လက်ရွေးစင် ယူ-၁၆ အသင်းကို အခြေခံကာ ဖွဲ့စည်းမည် ဖြစ်သည်။

မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ် အနေဖြင့် မြန်မာ ယူ-၁၆ အသင်းအား အတွေ့အကြုံ ပိုမိုရရှိစေရန် ရည်ရွယ်ကာ ယူ-၁၈ လိဂ်ပြိုင်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်စေလျှက် ရှိပြီး ပြိုင်ပွဲ အပြီးတွင် ယူ-၁၈ အသင်းအဖြစ် ပြောင်းလဲ ဖွဲ့စည်းမည် ဖြစ်ရာ မြန်မာနေရှင်နယ်လိဂ် ယူ-၂၀ နှင့် ယူ-၁၈ လူငယ်ပြိုင်ပွဲဝင် ကလပ်အသင်းများမှ ကစားသမား အချို့ကို ထပ်မံပေါင်းထည့်မည် ဖြစ်သည်။

ယူ-၁၆ အသင်း နည်းပြအဖွဲ့ အနေဖြင့် အဆိုပါ လူငယ် လိဂ်ပြိုင်ပွဲ ၂ ခုမှ ကစားသမားများကို လေ့လာစောင့်ကြည့်မှုများ ပြုလုပ်ခဲ့ပြီးနောက် ကလပ်အသင်း ၂၀ မှ ခြေစွမ်းကောင်းမွန်ပြီး အသက်မီသည့် ကစားသမား ၅၁ ဦးကို ပဏာမ ရွေးချယ်ထားပြီး ဖြစ်သည်။ ယင်းကစားသမားများကို အောက်တိုဘာ ၃၁ ရက်မှ နိုဝင်ဘာ ၃ ရက်ထိ လေးရက်ကြာ ခြေစွမ်း စမ်းသပ်မှုများ ပြုလုပ်မည် ဖြစ်ကာ ယူ-၁၈ အသင်းသို့ ရွေးချယ်မည် ဖြစ်သည်။

မြန်မာ ယူ-၁၈ အသင်းကို နည်းပြချုပ်အဖြစ် ဦးညီညီလတ်က တာဝန်ယူကိုင်တွယ်မည်ဖြစ်သည်။ ဦးညီညီလတ်သည် ကမ္ဘာ့ဖလား ခြေစစ်ပွဲအောင်မြင်ခဲ့သည့် မြန်မာ ယူ-၂၀အသင်းတွင် နည်းပြချုပ် ဂတ်ဇီဆီနှင့် အတွဲညီခဲ့သည့် နည်းပြတစ်ဦးဖြစ်သည်။

ခြေစွမ်းစမ်းသပ် ရွေးချယ်မှုကို မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ဘေးရှိ မြက်ခင်းတုကွင်း (၂) တွင် အောက်တိုဘာ ၃၁ မှ နိုဝင်ဘာ ၃ ရက်ထိ လေးရက်တိုင် ပြုလုပ်သွားမည် ဖြစ်သည်။