သရေရလဒ်သာ ထွက်ပေါ်ခဲ့သည့် မြန်မာနေရှင်နယ်လိဂ် ပြန်ကန်ပွဲ

မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ပွဲချိန် ၁၃ မိနစ်တွင် ရွှေ့ဆိုင်းခဲ့ရသည့် ၂၀၁၆ အူရီဒူး မြန်မာနေရှင်နယ်လိဂ် ပွဲစဉ် ၂၀ မှ ပွဲစဉ် တစ်ပွဲဖြစ်သည့် ရန်ကုန် ယူနိုက်တက် အသင်းနှင့် ဇေယျာရွှေမြေ အသင်းတို့၏ ပွဲစဉ်ကို ယနေ့ ညနေ ၄းဝဝ နာရီက ရန်ကုန်မြို့ သုဝဏ္ဏကွင်းတွင် ဆက်လက် ကျင်းပခဲ့ရာ ၂ ဂိုးစီဖြင့် သရေရလဒ်သာ ထွက်ပေါ်ခဲ့သည်။

ရန်ကုန် ယူနိုက်တက်နှင့် ဇေယျာရွှေမြေ အသင်းတို့၏ ပွဲစဉ်ကို သြဂုတ် ရ ရက်က ရန်ကုန် ယူနိုက်တက် အသင်း၏ အိမ်ကွင်းဖြစ်သည့် မြက်ခင်းတု ကွင်းတွင် ကျင်းပခဲ့ခြင်း ဖြစ်ပြီး ယင်းနေ့က မိုးသည်းထန်စွာ ရွာသွန်းခဲ့သောကြောင့် ပွဲချိန် ၁၃ မိနစ်တွင် ပွဲကို ရပ်နားခဲ့ပြီး ၄၅ မိနစ်ကြာ စောင့်ဆိုင်း ခဲ့သော်လည်း ကွင်းအခြေအနေအရ ပွဲကို ဆက်လက် ကျင်းပရန် မဖြစ်နိုင်တော့ သဖြင့် ရွှေ့ဆိုင်း ခဲ့ရခြင်း ဖြစ်သည်။ ထိုပွဲတွင် ပွဲရပ်နားလိုက်ချိန်၌ ရန်ကုန် ယူနိုက်တက် အသင်းက ပွဲချိန် ၈ မိနစ်တွင် သွင်းယူခဲ့သည့် နောက်ခံလူ ယာမာရှီတာ၏ ဂိုးဖြင့် အနိုင်ရနေခဲ့သည်။ သို့ဖြစ်ရာ ယနေ့ ပွဲကို ဆက်လက် ကျင်းပရာတွင် အဆိုပါ ရလဒ်အတိုင်း ပွဲချိန် ၁၃ မိနစ်မှ ပြန်လည် စတင် ကျင်းပခဲ့ခြင်း ဖြစ်သည်။

ပြိုင်ပွဲ စည်းမျဉ်းစည်းကမ်း အရ အဆိုပါ သြဂုတ် ရ ရက် ပွဲစဉ်တွင် အသုံးပြုခဲ့သည့် ကစားသမားများကို ယနေ့ပွဲတွင် ပြန်လည် အသုံးပြုရမည် ဖြစ်သော်လည်း ဒဏ်ရာ ပြဿနာ များကြောင့် နှစ်သင်းစလုံး ကစားသမား ပြောင်းလဲမှုများ ပြုလုပ်ခဲ့သည်။ ရန်ကုန် ယူနိုက်တက်က ဒဏ်ရာ ရရှိနေသည့် ကြည်လင်းနှင့် ဇာနည်ထက်တို့ နေရာတွင် သန်းထက်အောင်နှင့် ဇွန်မိုးအောင်တို့ နှစ်ဦးကို ထည့်သွင်းခဲ့ပြီး ဇေယျာရွှေမြေ အသင်းကလည်း ဖြိုးပိုင်စိုးနှင့် အောင်သူဖြိုးတို့ နှစ်ဦးကို လူစာရင်း၌ ထည့်သွင်း ခဲ့သည်။

ပွဲချိန် ၂၄ မိနစ် အရောက်တွင် ဇေယျာရွှေမြေ ခံစစ်မှူး အီဗရာဟင်မ်က ဇေယျာရွှေမြေ အတွက် ချေပဂိုးသွင်းယူ ပေးခဲ့သော်လည်း ရန်ကုန် အတွက် ပွဲချိန် ၄၁ မိနစ် အရောက်တွင် သိန်းဇော်က ဒုတိယ ဦးဆောင်ဂိုးကို သွင်းယူပေးခဲ့သည်။ သို့သော် ဒုတိယအကျော့မှ ရောက်ရှိလာပြီး ဇေယျာရွှေမြေ အတွက် ခြေစွမ်းပြ ဂိုးများ သွင်းယူပေး နေသည့် တိုက်စစ်မှူး မာစီယိုက ပွဲချိန် ၆၅ မိနစ်တွင် ချေပဂိုး ထပ်မံ သွင်းယူပေး ခဲ့သောကြောင့် ပွဲအပြီးတွင် သရေရလဒ်သာ ထွက်ပေါ်ခဲ့ခြင်း ဖြစ်သည်။

၂၀၁၆ အူရီဒူး မြန်မာနေရှင်နယ်လိဂ် ပြိုင်ပွဲမှာ လက်ရှိ် အချိိန်တွင် ပြီးဆုံးသွားခဲ့ပြီ ဖြစ်ကာ ချန်ပီယံ အဖြစ် ရတနာပုံ အသင်းက အောင်ပွဲခံနိုင်ခဲ့ပြီး ဒုတိယနေရာကို ရန်ကုန် ယူနိုက်တက်က ရယူနိုင်ခဲ့သည်။ ယမန်နှစ်က တန်းတက်လာခဲ့သည့် ဟော်ရိုက်ဇွန်နှင့် ဆောက်သမ်းမြန်မာတို့ နှစ်သင်းမှာ ယခုနှစ်တွင် တန်းပြန်ဆင်းသွား ခဲ့ရပြီ ဖြစ်ပြီး ဒုတိယတန်း လိဂ်-၂ မှ မနောမြေ အသင်းက လာမည့် နှစ်တွင် လိဂ်-၁ သို့ ပြန်လည် တက်ရောက် ယှဉ်ပြိုင်ခွင့် ရရှိထားသည်။ လိဂ်-၂ ၏ နောက်ဆုံးပွဲစဉ် ဖြစ်သည့် ပွဲစဉ် ၂၂ ကို လာမည့် သောကြာ၊ စနေ နေ့များတွင် ကျင်းပသွားမည် ဖြစ်ပြီး လက်ကျန် တန်းတက် တစ်နေရာကို အဆုံးအဖြတ် ပေးမည့် ပွဲများကို သြဂုတ် ၂၇ ရက် (စနေနေ့) ညနေ ၃း၃၀ နာရီတွင် ပဒုမ္မာ၊ စလင်း၊ အောင်ဆန်း၊ သုဝဏ္ဏ ကွင်းများ၌ တစ်ပြိုင်နက်တည်း ကျင်းပသွားမည် ဖြစ်သည်။