ဟံသာဝတီ နှစ်ပွဲဆက် နိုုင်ပွဲပျောက်ခဲ့သည့် ၂၀၁၇ မြန်မာနေရှင်နယ်လိဂ် ပွဲစဉ် ၂ ဒုတိယနေ့ ပွဲစဉ်များ

၂၀၁၇ မြန်မာနေရှင်နယ်လိဂ် ဘောလုံးပြိုင်ပွဲ ပွဲစဉ် ၂ ၏ ဒုတိယနေ့ ပွဲစဉ်များကို ယနေ့ညနေက ယှဉ်ပြိုင် ကစားခဲ့ကြရာ အဖွင့်ပွဲတွင် နိုင်ပွဲပျောက်ခဲ့သည့် လက်ရှိချန်ပီယံ ရတနာပုံ အသင်းမှာ နိုင်ပွဲစတင် ရယူနိုင်ခဲ့ပြီး ဟံသာဝတီ ယူနိုက်တက် အသင်းမှာမူ အိမ်ကွင်း၌ နှစ်ပွဲဆက် နိုင်ပွဲပျောက်ခဲ့သည်။ အလားတူ ယခုရာသီတွင် အိမ်ကွင်းစတင် လက်ခံ ကစားမည့် ဆောက်သမ်းမြန်မာ အသင်းမှာလည်း ချင်းယူနိုက်တက်ကို ရှုံးနိမ့်ခဲ့ သောကြောင့် နှစ်ပွဲ ကစားပြီးချိန်တွင် ရမှတ် ၁ မှတ်သာ ရယူနိုင်သေးသည်။

ယမန်နေ့က ပွဲစဉ် ၂ ပွဲ ယှဉ်ပြိုင် ကစားခဲ့ပြီး ယနေ့တွင် ပွဲပေါင်း ၃ ပွဲ ယှဉ်ပြိုင် ကစားခဲ့ကြရာ ယခုတစ်ပတ် အတွက် ပွဲစဉ် ၅ ပွဲထိ ယှဉ်ပြိုင် ကစားခဲ့ပြီး ဖြစ်သော်လည်း သွင်းဂိုး စုစုပေါင်း ၅ ဂိုးထိသာ ရှိသောကြောင့် ဂိုးသွင်းနှုန်းနည်းပါးသည့် အပတ်စဉ် တစ်ခု ဖြစ်လာဖွယ် ရှိနေသည်။

တောင်ငူကွင်းတွင် ကျင်းပခဲ့သည့် ပွဲစဉ်၌ အိမ်ရှင် ဟံသာဝတီ အသင်းမှာ ပထမဆုံး နိုင်ပွဲရယူနိုင်ရေး အတွက် ကြိုးပမ်းမှုများ မအောင်မမြင် ဖြစ်ခဲ့ရပြီး ဂိုးမရှိ သရေဖြင့်သာ အဆုံးသတ်ခဲ့ရသည်။ အဖွင့်ပွဲတွင် ရမှတ်ဗလာဖြင့် လက်လျော့ခဲ့ရသည့် အသင်း အချင်းချင်း တွေ့ဆုံမှု ဖြစ်သော်လည်း တစ်သင်းနှင့် တစ်သင်း အသာစီး ရယူနိုင်ခြင်း မရှိခဲ့သဖြင့် တစ်မှတ်စီ ခွဲယူခဲ့ရခြင်း ဖြစ်သည်။ ပြီးခဲ့သည့် ဘောလုံးရာသီ အဖွင့်ပိုင်းတွင် တောက်လျှောက် ရလဒ်ကောင်းများ ရယူနိုင်ခဲ့သည့် ဟံသာဝတီ ယူနိုက်တက် အနေဖြင့် ကွဲပြားသည့် ရာသီအစပိုင်းနှင့် ကြုံတွေ့နေရခြင်းလည်း ဖြစ်သည်။

အောင်ဆန်းကွင်းတွင် ယှဉ်ပြိုင်ကစားခဲ့ကြသည့် ချင်းယူနိုက်တက်နှင့် ဆောက်သမ်းမြန်မာ အသင်းတို့၏ ပွဲစဉ်တွင်မူ ချင်းယူနိုက်တက် အသင်းက အသင်းခေါင်းဆောင် ဆောင်လမန်၏ တစ်လုံးတည်းသော သွင်းဂိုဖြင့် ဆောက်သမ်းကို အနိုင်ရခဲ့သည်။ အဖွင့်ပွဲတွင် ရတနာပုံအသင်းကို ဦးဆောင်ဂိုးများ သွင်းယူကာ ခြေစွမ်းပြခဲဲ့သည့် ချင်းယူနိုက်တက် အနေဖြင့် ယခုပွဲတွင် အနိုင်ရခဲ့ သောကြောင့် အဖွင့်နှစ်ပွဲတွင် လေးမှတ်ထိ ရယူနိုင်ခဲ့ပြီ ဖြစ်သည်။ လာမည့် အပတ်တွင် အိမ်ကွင်း စတင်လက်ခံ ကစားမည့် ဆောက်သမ်းမြန်မာ အနေဖြင့်မူ နှစ်ပွဲ ကစားပြီးချိန်တွင် ၁ မှတ်သာ ရရှိသေးသောကြောင့် ဆိုးရွားသည့် ရာသီအစဖြင့် ရင်ဆိုင် နေရပြီ ဖြစ်သည်။

မန္တလာသီရိကွင်းမှ ရတနာပုံ အသင်းနှင့် ဇွဲကပင် အသင်းတို့၏ ပွဲတွင် ရတနာပုံ အသင်းက ပွဲချိန် ၂၆ မိနစ်တွင် သက်နိုင်သွင်းယူပေးခဲ့သည့် ဂိုးဖြင့် ဇွဲကပင်ကို အနိုင်ယူကာ နိုင်ပွဲ စတင်ရရှိခဲ့ပြီ ဖြစ်သည်။ယခုနိုင်ပွဲမှာ မန္တလာသီရိ ကွင်းအတွင်း ယှဉ်ပြိုင်ကစားခဲ့သည့် ပွဲများအနက် ရတနာပုံ၏ ဒုတိယမြောက် နိုင်ပွဲ ဖြစ်ခဲဲ့သည်။

လက်ရှိ အချိန်တွင် ပွဲစဉ် ၂ ရှိ ပွဲများမှ ၅ ပွဲထိ ယှဉ်ပြိုင် ကစားခဲ့ပြီး ဖြစ်ရာ နှစ်ပွဲဆက် နိုင်ပွဲရခဲဲ့သည့် ရှမ်းယူနိုက်တက် အသင်းက အမှတ်ပေးဇယားကို ဦးဆောင်လျှက် ရှိသည်။ ပွဲစဉ် ၂ ၏ လက်ကျန် ပွဲစဉ်အဖြစ် မနက်ဖြန် ဇန်နဝါရီ ၂၃ ရက် ညနေ ၃း၃၀ နာရီတွင် စစ်တွေမြို့ ဝေသာလီ ကွင်း၌ ရခိုင်ယူနိုက်တက် အသင်းနှင့် ရန်ကုန်ယူနိုက်တက် အသင်းတို့ ရင်ဆိုင် ကစားကြမည် ဖြစ်သည်။