အူရီဒူး မြန်မာနေရှင်နယ်လိဂ် ၂၀၁၆ ပွဲစဉ် ၂၁ ပွဲစဉ်များ

အူရီဒူး မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲများ ပြီးဆုံးရန် ၂ပွဲသာလိုတော့သည့်အချိန်တွင် မကွေးအသင်းမှာ ရန်ကုန်ယူနိုက်တက်အသင်းကို ၅မှတ်အထိ ဖြတ်ထားနိုင်ရာ အမှတ်ပေးဇယား ဒုတိယနေရာအတွက် အပြောင်းအလဲမဖြစ်နိုင်သေးသော်လည်း ဆောက်သမ်းမြန်မာနှင့် ရခိုင်ယူနိုက်တက်တို့မှာ တန်းဆင်းဇုန်မှ လွတ်မြောက်ရေး အပြင်းအထန် ရေကုန်ရေခန်း ကြိုးစားကြတော့မည်ဖြစ်သည်။ ဆောက်သမ်းမြန်မာအသင်းမှာ ၂၀ ပွဲကစားအပြီး ရမှတ် ၁၃မှတ်ဖြင့် အဆင့် ၁၁ နေရာတွင် ရပ်တည်နေပြီး ရခိုင်ယူနိုက်တက်အသင်းမှာ ပွဲ ၂၀ ကစားအပြီး ရမှတ် ၁၆မှတ်ဖြင့် အဆင့် ၁၀ နေရာတွင် ရပ်တည်လျက်ရှိသည်။

ရခိုင်ယူနိုက်တက်အသင်းမှာ ဟော်ရီဇုန်အသင်းနှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။ တန်းဆင်းရန်သေချာသွားပြီဖြစ်သော ဟော်ရီဇုန်အသင်းသည် ယခင်အပတ်က ရှမ်းယူနိုက်တက်အသင်းကို ၃ဂိုးပြတ်ဖြင့် ရှုံးနိမ့်ထားပြီး ခြေစွမ်းပိုင်း ကျဆင်းလျက်ရှိသည်။ ရခိုင်ယူနိုက်တက်အသင်းအနေဖြင့် ယခုပွဲကို အနိုင်ရထားပါက တန်းဆင်းဇုန်မှ လွတ်မြောက်ရန် သေချာသလောက် ဖြစ်သောကြောင့် ခြေကုန်ထုတ်ကစားလာမည်ဖြစ်သည်။

တန်းဆင်းဇုန်ပြိုင်ဘက် ဆောက်သမ်းမြန်မာအသင်းသည် ချင်းယူနိုက်တက်နှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။ ဆောက်သမ်းမြန်မာအသင်းသည် ယခင်အပတ်က ဧရာဝတီအသင်းကို ငါးဂိုးပြတ်ဖြင့် ရှုံးနိမ့်ထားသောကြောင့် တန်းဆင်းဇုန်မှ လွတ်မြောက်ရန် အစွမ်းကုန်ကြိုးစားရတော့မည်ဖြစ်သည်။ ချင်းယူနိုက်တက်အသင်းအနေဖြင့် တန်းဆင်းဇုန်မှ လွတ်မြောက်ပြီး ဖြစ်သောကြောင့် ဖိအားကင်းကင်းဖြင့် ဆောက်သမ်းမြန်မာအသင်းကို ရင်ဆိုင်သွားမည်ဖြစ်သည်။ သုဝဏ္ဏကွင်းတွင် ယှဉ်ပြိုင်ကစားကြမည့် ဇွဲကပင်နှင့် ရန်ကုန်ယူနိုက်တက်အသင်းတို့ ယှဉ်ပြိုင်ကစားကြမည်ဖြစ်ပြီး နှစ်သင်းစလုံးမှာ ဗိုလ်ချုပ်အောင်ဆန်းဒိုင်း ဆီမီးဖိုင်နယ်ပွဲ ကစားထားကြရာ ကစားသမားများအနေဖြင့် ပွဲပန်းလာနိုင်ဖွယ်ရှိသည်။ ရန်ကုန်ယူနိုက်တက်အသင်းအနေဖြင့် ဩဂုတ်လ ၁၇ရက်နေ့တွင် ဗိုလ်ချုပ်အောင်ဆန်းဒိုင်း ဗိုလ်လုပွဲကစားရန်ရှိနေသည့်အတွက် အဓိက ကစားသမားများကို အနားပေးထားဖွယ်ရှိသည်။

ဗထူးကွင်းတွင် ယှဉ်ပြိုင်ကစားမည့် ရတနာပုံနှင့် ဟံသာဝတီတို့ပွဲတွင်လည်း ရတနာပုံအသင်းအနေဖြင့် အားစိုက်ကစားရန်မလိုတော့သည့်အတွက် ဟံသာဝတီအသင်းအနေဖြင့် အခွင့်အရေးကို အရယူရန် လိုအပ်နေသည်။

ပုသိမ်ကွင်းတွင် ယှဉ်ပြိုင်ကစားမည့် ဧရာဝတီအသင်းနှင့် ဇေယျာရွှေမြေအသင်းတို့၏ပွဲမှာ ပွဲကောင်းတစ်ပွဲဖြစ်လာနိုင်ဖွယ်ရှိသည်။ ဧရာဝတီအသင်းအနေဖြင့် ယခင်တစ်ပတ်က ဆောက်သမ်းမြန်မာကို ၅ဂိုးပြတ်ဖြင့် ခြေစွမ်းပြ အနိုင်ယူထားရာ စိတ်ဓါတ်ပိုင်းအနေဖြင့် အကောင်းဆုံးအနေအထားတွင် ရှိနေသည်။ ဇေယျာရွှေမြေအသင်းမှာလည်း ယခင်တစ်ပတ်က ရန်ကုန်ယူနိုက်တက်နှင့်ပွဲစဉ်မှာ ရာသီဥတုအခြေအနေကြောင့် ရွှေ့ဆိုင်းထားရသဖြင့် ကစားသမားများအနေဖြင့် ခွန်အားပြည့်ဖြင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်ရာ ကြည့်ကောင်းမည့်ပွဲတစ်ပွဲ ဖြစ်လာနိုင်သည်။

အလားတူ ဩဂုတ်လ ၁၄ရက်တွင် တောင်ကြီးကွင်း၌ယှဉ်ပြိုင်ကစားကြမည့် ရှမ်းယူနိုက်တက်အသင်းနှင့် မကွေးအသင်းတို့ ပွဲမှာလည်း ရှမ်းယူနိုက်တက်အနေဖြင့် အိမ်ရှင်ဖြစ်သည်နှင့်အညီ အားသွန်ခွန်စိုက်ကစားမည်ဖြစ်ရာ မထင်မှတ်ပဲ မကွေးအသင်းအခက်ကြုံသွားနိုင်သည်။

မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲမှာ ပွဲစဉ် ၂၁ သို့ ရောက်ရှိနေပြီဖြစ်ရာ ပြိုင်ပွဲပြီးဆုံးရန် ၂ပွဲသာ လိုတော့ပြီး တန်းဆင်းဇုန်တိုက်ပွဲမှာလည်း စိတ်လှုပ်ရှားဖွယ်ရာ စောင့်ကြည့်သွားရမည်ဖြစ်သည်။