MFF – MNL Awards Night ကျင်းပပြုလုပ် ~ အကောင်းဆုံး ဆုများအပြင် ဂုဏ်ထူးဆောင် ဆုများပါ ထည့်သွင်း ချီးမြှင့်ခဲ့

မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်နှင့် မြန်မာနေရှင်နယ်လိဂ်တို့ ပူးပေါင်းကျင်းပသည့် မြန်မာ့ဘောလုံးလောက၏ အဆင့်အတန်း အမြင့်ဆုံး ထူးချွန် ဆုပေးပွဲ ဖြစ်သည့် MFF – MNL Awards Night အခမ်းအနားကို ယမန်နေ့ ညပိုင်းက ရန်ကုန်မြို့ ပြည်လမ်းရှိ နိုဗိုတယ် ဟိုတယ်တွင် ကျင်းပပြုလုပ်ခဲ့သည်။

ယင်းအခမ်းအနားသို့ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် နာယက ဦးအောင်ကိုဝင်း၊ ဥက္ကဌ ဦးဇော်ဇော်နှင့် အသင်းပိုင်ရှင်များ၊ မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်နှင့် ကလပ်အသင်းများမှ တာဝန်ရှိသူများ၊ ကစားသမားများ၊ မိတ်ဖက် ကုမ္ပဏီများမှ တာဝန်ရှိသူများ၊ ဘောလုံးလောကသားများ၊ မီဒီယာများ စုံစုံညီညီ တက်ရောက်ခဲ့ကြသည်။

အခမ်းအနား စတင်အပြီးတွင် ဦးစွာ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ စည်ပင်သာယာရေး ဝန်ကြီးဌာန ဝန်ကြီး ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးမှ အဖွင့်အမှာ စကား ပြောကြားခဲ့သည်။ ပြီးနောက် မြန်မာ့ဘောလုံး လောကအတွက် စွမ်းဆောင်မှု ပြုခဲ့ကြပြီးနောက် ကွယ်လွန်သွားကြပြီ ဖြစ်သည့် ဘောလုံး သူရဲကောင်းများ အတွက် ဝမ်းနည်းခြင်း အထိမ်းအမှတ်အဖြစ် တစ်မိနစ် ငြိမ်သက်ခဲ့ကြသည်။ ယင်းနောက်တွင်မူ ၂၀၁၄၊ ၂၀၁၅၊ ၂၀၁၆ ခုနှစ်များတွင် ကျင်းပခဲ့သည့် လူငယ်ဘောလုံးပြိုင်ပွဲများနှင့် MNL 1၊ 2 များတွင် ဂိုးသွင်းဘုရင်ဆု ရရှိခဲ့သူများကို ဆုချီးမြှင့်ခဲ့သည်။

ထို့နောက် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ဥက္ကဌ ဦးဇော်ဇော်က နှုတ်ခွန်းဆက် စကားပြောကြားခဲ့သည်။ ထိုသို့ နှုတ်ခွန်းဆက် စကား ပြောကြားရာတွင် အဖွဲဲ့ချုပ် ဥက္ကဌက “ဘောလုံးအားကစားနဲ့ ပတ်သက်လို့ မည်သည့် အကျိုးအမြတ်မှ မရဘဲနဲ့ မည်သူ အသိအမှတ်ပြုသည် ဖြစ်စေ၊ မပြုသည် ဖြစ်စေ၊ မြန်မာ့ဘောလုံး အားကစား တိုးတက်ဖို့ အတွက် မြန်မာတွေ ဘောလုံးကို ချစ်တယ်၊ အောင်မြင်အောင် လုပ်ပေးမယ် ဆိုတဲ့ စိတ်တစ်ခုနဲ့ ဒီနေ့ထိ လက်တွဲပေး ခဲ့တဲ့ အသင်းပိုင်ရှင်တွေ အကုန်လုံးကို ကျွန်တော့် အနေနဲ့ ရင်ထဲက လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ပါတယ်။ သူတို့တင် မကပါဘူး။ ဘောလုံးလောက တိုးတက်ဖို့ အတွက် ဝိုင်းဝန်းကူညီ ပေးကြတဲ့ မီဒီယာတွေ အပါအဝင် ဘောလုံးလောက ရပ်ဝန်းမှာ ရှိနေကြသူ အားလုံးကို ကျေးဇူးတင်ပါတယ်”ဟု ထည့်သွင်း ပြောကြားခဲ့သည်။

ယင်းနောက်တွင် ဆုပေးပွဲ အခမ်းအနားကို ဆက်လက်ကျင်းပခဲ့ပြီး အကောင်းဆုံး ကစာသမားဆု၊ အသန့်ရှင်းဆုံး အသင်းဆု၊ ချန်ပီယံ ဆုဖလားများ၊ ဂုဏ်ထူးဆောင် ဆုများ၊ ဂုဏ်ပြုဆုများ စသည့် ဆုအမျိုးပေါင်း ၆၀ ကျော်ကို ပေးအပ်ချီးမြှင့်ခဲ့သည်။ တစ်နှစ်တာအတွင်း အကောင်းဆုံး ကစားသမားဆုများကို ပေးအပ်ခဲ့ရာတွင် ၂၀၁၄ ခုနှစ် အတွက် အကောင်းဆုံး ကစားသမား ဆုကို ရတနာပုံ အသင်းအတွက် ပါဝင်ကစားပေးခဲ့သည့် ယခုရှမ်းယူနိုက်တက် ဂိုးသမား သီဟစည်သူက ရရှိခဲ့သည်။ ၂၀၁၅ နှင့် ၂၀၁၆ မြန်မာနေရှင်နယ်လိဂ် ပြိုင်ပွဲများအတွက် တစ်နှစ်တာ အကောင်းဆုံး ကစားသမား ဆုကိုမူ ကစားသမား တစ်ဦးတည်းက ဆွတ်ခူးနိုင်ခဲ့ပြီး ယင်းဆုကို မြန်မာ့လက်ရွေးစင် အသင်း တိုက်စစ်မှူး အောင်သူက ရယူနိုင်ခဲ့ခြင်း ဖြစ်သည်။

ဆုပေးပွဲတွင် အထူးအစီအစဉ် တစ်ရပ် အနေဖြင့် ဂုဏ်ပြုဆုများ ထည့်သွင်း ချီးမြှင့်ခဲ့ပြီး မြန်မာ့ဘောလုံး လောကအား နှစ်ပေါင်းများစွာ စွမ်းစွမ်းတမံ စိတ်ရောကိုယ်ပါ နှစ်ကာ ကူညီပံ့ပိုးပေးခဲ့သည့် အားကစား ကလောင်ရှင်နှင့် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် စည်းကမ်းထိန်းသိမ်းရေး ကော်မတီ ဥက္ကဌဟောင်း ကွယ်လွန်သူ ဆရာကြီး ဦးခင်မောင်ထွေး (ပျဉ်းမနား)ကို မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်မှ MFF Platinum Award ချီးမြင့်ခဲ့ရာ ဆရာကြီး ဦးခင်မောင်ထွေး (ပျဉ်းမနား)၏ သားဖြစ်သူ ဦးဇော်မျိုးသန့် က တက်ရောက် ရယူပေးခဲ့သည်။ ထို့အပြင် မြန်မာ့ဘောလုံးလောက အတွက် ဆယ်စုနှစ်များစွာ အကျိုးဆောင်ခဲ့သူ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူးဟောင်း ဦးဘန်နီတင်အောင်အား Best Service Award၊ အမျိုးသမီး လက်ရွေးစင် အသင်းများ၏ အုပ်ချုပ်သူ ဒေါ်မြတ်မြတ်ဦးအား MFF Honorable Award၊ မြန်မာ့ဒိုင်လောကတွင် ပထမဆုံးအကြိမ်အဖြစ် ကမ္ဘာ့ဖလား ပွဲစဉ်များ ကိုင်တွယ်ရန် ရွေးချယ်ခံရသူ ဖီဖာဒိုင်လူကြီး ဒေါ်သိန်းသိန်းအေးအား MFF Honorable Award များ အသီးသီး ချီးမြှင့်ခဲ့သည်။