San Shield 2016 ဗိုလ်လုပွဲသို့ ရန်ကုန် တက်ရောက်

ယနေ့ သြဂုတ် ၁၀ ရက် ညနေပိုင်းက မန္တလေးမြို့ မန္တလာသီရိ ကွင်းတွင် ယှဉ်ပြိုင်ကစားခဲ့ကြသည့် ရတနာပုံ အသင်းနှင့် ရန်ကုန် ယူနိုက်တက် အသင်းတို့၏ General Aung San Shield 2016 ရှုံးထွက် ဘောလုံးပြိုင်ပွဲ၏ ဆီမီးဖိုင်နယ် ပွဲစဉ်တွင် ရန်ကုန် ယူနိုက်တက် အသင်းက ကွင်းလယ်လူ ရန်လင်းအောင် သွင်းယူသည့် နောက်ဆုံးမိနစ် သွင်းဂိုးဖြင့် ရတနာပုံကို အဝေးကွင်းတွင် အနိုင်ရကာ ဗိုလ်လုပွဲသို့ တက်ရောက် နိုင်ခဲ့သည်။

ပထမအကျော့ ရန်ကုန်တွင် ကစားစဉ်က ၁-၁ ဂိုးဖြင့် သရေကျခဲ့သည့် အတွက် အဝေးဂိုး စည်းမျဉ်းအရ ယခုပွဲတွင် ရတနာပုံ အသင်းအနေဖြင့် ဂိုးမရှိ သရေကစားနိုင်ရုံဖြင့် ဗိုလ်လုပွဲသို့ တက်ရောက် နိုင်မည် ဖြစ်သော်လည်း ရတနာပုံအသင်း နည်းပြချုပ်က အဓိက ကစားသမား အစုံအလင် ထည့်သွင်းကာ ရန်ကုန်ယူနိုက်တက်ကို အသာစီးရယူနိုင်ရေး ကြိုးပမ်းခဲ့သည်။ ရတနာပုံ အသင်း၏ တိုက်စစ်ကို ကိသ်၊ ဝင်းနိုင်စိုးနှင့် အောင်သူတို့ ဦးဆောင်လာခဲ့ပြီး ရဲရင့်ထွန်း၊ လှိုင်းဘိုဘို၊ ရန်ပိုင် တို့ကို ကွင်းလယ်တွင် အသုံးပြုခဲ့သည်။ ခံစစ်ပိုင်းတွင်မူ အဓိက ကစားသမား မွန်ကီး မပါဝင်နိုင် သောကြောင့် နေမျိုးအောင်ကို ဝီလီယမ်နှင့် တွဲပေးခဲ့ပြီး မျိုးကိုထွန်း၊ သိန်းသိန်းဝင်း၊ ရန်အောင်လင်းတို့ဖြင့် ရန်ကုန်ကို ရင်ဆိုင်ခဲ့သည်။

ရန်ကုန် ယူနိုက်တက် အနေဖြင့် ဝါရင့် နောက်ခံလူ ဇော်မင်းထွန်းကို ပွဲထွက် အသုံးပြုခဲ့ခြင်း မရှိဘဲ နောက်ပိုင်းပွဲများတွင် ပွဲထွက်ခွင့် ရလာသည့် မင်းကျော်ခန့်၊ ရန်လင်းအောင်တို့ကို ကြည်လင်း၊ ကျော်ကိုကို၊ မာဆယ်လို၊ ဒေးဗစ်ထန်၊ ရာမာရှီတာ၊ ရန်အောင်ကျော်၊ ခင်မောင်လွင်၊ သိန်းဇော်၊ ဖာနန်ဒို စသည့် ကစားသမားများဖြင့် တွဲဖက်ပေးကာ ရတနာပုံကို ရင်ဆိုင်ခဲ့သည်။

ပွဲချိန်အတွင်း နှစ်သင်းစလုံး အားစိုက် ကစားခဲ့ကြ သောကြောင့် ပွဲကောင်းတစ်ပွဲ ဖြစ်ခဲ့ပြီး အခွင့်အရေးများ ကိုယ်စီ ရခဲ့ကြသည်ကို တွေ့ရသည်။ ရန်ကုန်မှ မာဆယ်လို၏ အပိုင်ကန်သွင်းမှုကို ရတနာပုံ ဂိုးသမား ရန်အောင်လင်း လက်စွမ်းပြ ကာကွယ် နိုင်ခဲ့သလို ဝင်းနိုင်စိုး၊ အောင်သူတို့၏ ထိုးဖောက်မှုများကိုလည်း ရန်ကုန်ခံစစ်ကြောင်းနှင့် ဂိုးသမားတို့ အသည်းအသန် ကာကွယ် ခဲ့ရသည်။ ဒုတိယပိုင်း ပြန်စချိန်တွင် ရတနာပုံ အသင်းက အနည်းငယ် ပိုမို ဖိကစားလာနိုင် ခဲ့ပြီး ဂိုးပေါက်ခြိမ်းခြောက်မှုများလည်း ဆက်တိုက် ပြုလုပ် လာနိုင်ခဲ့သည်။ ထို့ကြောင့် ပွဲချိန် ၅၈ မိနစ်တွင် ပြစ်ဒဏ်ဘောမှ တဆင့် ကိသ်က အနီးကပ် သွင်းယူနိုင်ခဲ့ သောကြောင့် ရတနာပုံ အသင်း ဦးဆောင်ဂိုး ရရှိသွား ခဲ့သည်။ ရတနာပုံ အသင်းအနေဖြင့် ဦးဆောင်ဂိုး ရရှိပြီးချိန်တွင် ပွဲကို ထိန်းချုပ်ရန် ကြိုးပမ်းခဲ့သည့် အတွက် ရန်ကုန်က အခွင့်အရေးအချို့ ပြန်လည် ဖန်တီးနိုင်ခဲ့သည်။ သို့သော် ရတနာပုံ ခံစစ်ကြောင်း အမှားအယွင်း မရှိခဲ့ သောကြောင့် ရန်ကုန်တို့ ဂိုးရရန် ခက်နေခဲ့သည်။ သို့သော် ပွဲချိန် ၆၇ မိနစ် အရောက်တွင်မူ ရန်ကုန်တို့ အမှတ်မထင် ချေပဂိုး ပြန်လည် ရရှိခဲ့သည်။ ယင်းဂိုးကို နောက်ခံလူ ယာမာရှီတာက ထောင့်ကန်ဘောမှ တဆင့် ခေါင်းတိုက် သွင်းယူခဲ့ခြင်း ဖြစ်သည်။ သရေကျပြီးချိ်န်တွင် နှစ်သင်းစလုံး အနိုင်ဂိုး ရရှိရေးအတွက် အားစိုက် ကစားခဲ့ကြ သောကြောင့် အခွင့်အရေးများ ကိုယ်စီ ရရှိခဲ့ကြသည်။ သို့သော် ဂိုးတော့ မရခဲ့ကြပေ။ ဤသို့ဖြင့် ပွဲချိန် မိနစ် ၉၀ ပြည့်ပြီးနောက် အချိန်ပို မိနစ် ၃၀ ထပ်မံ ကစားရတော့မည့် အချိန်တွင် ရန်ကုန် ယူနိုက်တက် အနေဖြင့် အဖိုးတန် အနိုင်ဂိုးကို ရရှိခဲ့သည်။ ယင်းဂိုးကို နာကျင်အချိန်ပို ၃ မိနစ် အရောက်တွင် လူငယ် ကွင်းလယ်လူ ရန်လင်းအောင်က ထောင့်ကန်ဘောမှ ကျလာသည့် ဘောလုံးကို ဧရိယာ အပြင်မှ အပြင်းကန်သွင်း ရယူပေးခဲ့ခြင်း ဖြစ်သည်။

ရန်ကုန် ယူနိုက်တက် အနေဖြင့် နောက်ဆုံးမိနစ် အနိုင်ဂိုးကြောင့် နှစ်ပွဲပေါင်းရလဒ် ၂-၃ ဂိုးဖြင့် ဗိုလ်လုပွဲသို့ တက်ရောက် နိုင်ခဲ့ပြီ ဖြစ်သည်။ သို့ဖြစ်ရာ ရန်ကုန် ယူနိုက်တက် အသင်းသည် General Aung San Shield 2016 ဘောလုံးပြိုင်ပွဲ၏ ဗိုလ်လုပွဲတွင် အခြား ဆီမီးဖိုင်နယ် ပွဲဖြစ်သည့် မကွေး-ဇွဲကပင် ပွဲမှ အနိုင်ရသည့် အသင်းနှင့် ယှဉ်ပြိုင် ရမည် ဖြစ်သည်။